ရန်ကုန်မြို့မှာ စပါးအုံးလို မြွေကြီးတွေ အတွေ့များလာတာ ဘာကြောင့်လဲ

ရန်ကုန်မြို့မှာ စပါးအုံးလို မြွေကြီးတွေ အတွေ့များလာတာ ဘာကြောင့်လဲ

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ရက်နေ့မှ နိုဝင်ဘာ ၂၃ရက်နေ့အထိ လမ်းသွားလမ်းလာနှင့် နေအိမ်ခြံဝင်းတို့တွင် မြွေများတွေ့ရှိမှု ခုနစ်ကြိမ် ရှိခဲ့ပြီး ထိုထဲတွင် ကြီးမားသည့် စပါးအုံး မြွေများလည်း ပါဝင်သည်။

ဖော်ပြပါ ၁၂ ရက်အတွင်း မီးသတ်တပ်ဖွဲ့မှ ဖမ်းဆီးပေးခဲ့ရသည့် မြွေ ခုနစ်ကောင် အနက် နှစ်ကောင်မှာ အရွယ်အစားကြီးမားသည့် စပါးအုံး မြွေများဖြစ်သည်။

စပါးအုံးကဲ့သို့ အရွယ်အစားကြီးမားသည့် မြွေအမျိုးအစားအပါအဝင် မြွေတွေ့ရှိမှု များလာရခြင်းမှာ ၎င်းတို့နေထိုင်ရာ မြေအောက်တွင် ပြောင်းလဲမှု တစုံတရာရှိနေနိုင်ခြင်းနှင့်

အစာရှာဖွေရေးအတွက် ထွက်ရှိလာသည့် သဘော ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် အချို့က ပြောသည်။

မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်ကတော့ ယခုကဲ့သို့ မြွေများထွက်လာခြင်းသည် အစာရေစာရှာဖွေစားသောက်ရန်အတွက် ထွက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း ဆိုသည်။

“စားချိန်တန်လို့ အစာစားဖို့ထွက်လာတာလည်းဖြစ်နိုင်တယ်။ အကယ်၍သာ ရာသီဥတုအခြေအနေပူလို့ ဘာလို့ နေလို့မရဘူးဆိုရင် တခြား သတ္တဝါတွေပါ ထွက်လာရမှာလေ။ တခြားသတ္တဝါတွေဆိုတာ ဥပမာ တီကောင်လိုဟာမျိုး မြေအောက်မှာနေတဲ့ အခြားအင်းဆက်လိုဟာမျိုး ကြွက်လိုဟာမျိုး၊ ပူးလိုဟာမျိုး အဲ့ဒါတွေက အကုန်လုံးထွက်လာကြရမှာပဲပေါ့” ဟု ဒေါက်တာသိန်းအောင်က ပြောသည်။

မြို့ပြအသိုင်းအဝိုင်းတွင် တောရိုင်းတိရစ္ဆာန်များ ရှိနေခြင်း၊ ထိန်းသိမ်းထားခြင်းသည် အဆင်မပြေကြောင်းနှင့် အကယ်၍ မထိန်းနိုင်ပါက ၎င်းတို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အကျိုးမပြုကြောင်း ၎င်းကပြောသည်။

“မြို့ပေါ်မှာနေနေတယ် အစာရေစာ မှန်မှန်မစားရ သူလိုချင်တဲ့ ရှင်သန်မှု ပြည့်ပြည့်စုံစုံမရှိတဲ့ အကောင်တွေသည် သဘာဝကို ပြန်ပြီးတော့ အကျိုးပြုဖို့ဆိုတာ ခဲယဉ်းတယ်။ သဘာဝပတ်ဝန်းကျင်အရဆိုရင်တော့ မြို့တွေပေါ်မှာရှိတဲ့ အကောင်တွေကို တွေ့တယ်ဆိုရင် ဖမ်းယူပြီးတော့ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာလိုဟာမျိုးမွေးပါ ပြီးရင် သဘာဝထဲကို ပြန်လွှတ်ပေးတာအကောင်းဆုံးပဲ ” ဟု မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ဆိုသည်။


ရန်ကုန်မြို့အတွင်း မြွေတွေ့ရှိမှုများအနက် မရမ်းကုန်းမြို့နယ်တစ်ခုတည်းမှာပင် တွေ့ရှိမှု လေးကြိမ်ရှိခဲ့ပြီး စပါးအုံးမြွေနှစ်ကောင်နှင့် အခြားအမျိုးအစား မြွေ နှစ်ကောင်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

မြွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ
* ၁။ နိုဝင်ဘာ ၁၂ ရက်နေ့က မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီး၊ နဝဒေးလမ်းရှိ နေအိမ်တွင် အရှည် ရှစ်ပေ၊ လုံးပတ် ၁၀ လက်မရှိသည့် စပါးအုံး မြွေကြီးတွေ့ရှိခဲ့။
* ၂။ နိုဝင်ဘာ ၁၃ရက်နေ့က ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်းလျားလမ်းရှိ ခြံဝန်းအတွင်း မြွေတစ်ကောင်ဝင်ရောက်ခဲ့။

* ၃။ နိုဝင်ဘာ ၁၆ ရက်နေ့မှာလည်း ရန်ကင်းမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ သစ္စာလမ်းလမ်းရှိ အမှတ် ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် သံကွင်းစွပ်မြွေ အရှည် သုံးပေ၊ လုံးပတ် သုံးလက်မခန့် မြွေ တစ်ကောင်တွေ့ရှိခဲ့။

* ၄။ နိုဝင်ဘာ ၁၇ ရက်နေ့က မရမ်းကုန်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်ယားလိတ်လမ်းပေါ်တွင် လုံးပတ် တစ်ပေခန့်၊ အရှည် ၁၅ ပေပခန့် စပါးအုံးမြွေတစ်ကောင် တွေ့ရှိခဲ့။
* ၅။ နိုဝင်ဘာ ၁၈ ရက်နေ့က တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ရှမ်းဘက် (၁) လမ်းရှိ နေအိမ်မှာ မြွေ တစ်ကောင်ဝင်ရောက်ခဲ့။

* ၆။ နိုဝင်ဘာ ၂၁ ရက်နေ့တုန်းကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဝံသာရက္ခိတလမ်းရှိ နေအိမ်တွင် မြွေတစ်ကောင်တွေ့ရှိခဲ့။
* ၇။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဝံသာရက္ခိတလမ်းရှိ နေအိမ်မှ မြွေတစ်ကောင်တွေ့ရှိခဲ့။

ကိုးကား – Myanmar Fire Services Department Facebook
Credit Clean Yangon

Leave a Reply

Your email address will not be published. Required fields are marked *