အမေ့ မိန့်ခွန်းဟောင်းလေးကို ပြန်နားထောင်ပြီး စိတ်မကောင်း ဖြစ်မိတယ် … မြန်မာနိုင်ငံအတွက် ဝဋ်ကြွေးကြီးတဲ့ အမေ

အမေ့ မိန့်ခွန်းဟောင်းလေးကို ပြန်နားထောင်ပြီး
စိတ်မကောင်း ဖြစ်မိတယ် … မြန်မာနိုင်ငံအတွက်
ဝဋ်ကြွေးကြီးတဲ့ အမေ

ယနေ့အချိန်မှာ အမေ့စကား တည်မတည် ပြည်သူတွေလက်တွေ့သိခွင့်ရခဲ့ပါပြီ

“ကျမသတင်းထောက်တွေနဲ့တွေ့ရင် အထူးသဖြင့် နိုင်ငံခြားသတင်းထောက်တွေက မေးတယ်။ ၂၀၁၅ ကျရင် သမ္မတဖြစ်ချင်လားလို့မေးတယ်။ ကျမကလည်း ဖြစ်ချင်တယ်လို့။ ဖြစ်မှပဲ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာလို့။ ဒီတော့ ဟိုတလောက ၁ ရက် ၂ ရက်လောက်ကလည်း နိုင်ငံခြားက သတင်းထောက်တယောက်က မေးတယ်။

ကျမကိုနိုင်ငံ့ အာဏာလိုချင်လားတဲ့။ လိုချင်တယ်လို့ကျမကပြောလိုက်တယ်။ လိုချင်တယ်ဆိုတော့ သူကဘယ်လိုပြောလဲဆိုတော့။ သူကနိုင်ငံခြားသတင်းထောက် အင်မတန်မှ ဝါရင့်တဲ့ သတင်းထောက်ဆိုတော့ နိုင်ငံအသီးသီးက နိုင်ငံရေးသမားတွေကို ဗျူးဖူးတယ်။ သူပြောတယ်။ သူဒီလောက်အများကြီး နိုင်ငံရေးသမားပေါ့နော်။ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံက နိုင်ငံရေးသမား အများကြီးကို ဒီမေးခွန်းမေးခဲ့ဖူးတယ်တဲ့။ တယောက်ကမှ အာဏာလိုချင်ပါတယ်လို့ မ၀န်ခံခဲ့ဘူးတဲ့။

ကျမတယောက်တည်း အာဏာလိုချင်တယ်လို့ ပြောတယ်။ ဒီတော့ ကျမက ပြောလိုက်တယ်။ ဟုတ်တယ်။ ကျမက အာဏာလိုချင်တယ်။ နိုင်ငံရေးအာဏာရမှ အစိုးရအာဏာရမှ ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို နိုင်ငံအတွက် လုပ်ပေးနိုင်မှာမို့လို့ လိုချင်တယ်လို့ ပြောတာ။ တခြားနိုင်ငံရေးသမားတွေက အာဏာမလိုချင်ဘူးလား မေးလိုက်တော့ သူကပြောတယ် လိုချင်တယ်တဲ့။ ဒါပေမယ့် သူတို့က ဘယ်တော့မှ မှန်မှန်ကန်ကန် မ၀န်ခံဘူးတဲ့။

အာဏာလိုချင်လို့ မဟုတ်ပါဘူး။ ပြည်သူလူထုအတွက်ပါ အစသဖြင့် အဲလိုပြောတယ်တဲ့။”“အဲ့တော့ ကျမရှင်းရှင်းလင်းလင်းပြောပါရစေ။ ပြည်သူလူထုအတွက်လုပ်နိုင်ဖို့ ကျမ အာဏာကို လိုချင်ပါတယ်လို့ ပြောပါရစေ။ ဒါကြောင့် ခုကတည်းက ကျမပြောထားမယ်။ ကျမတို့က ပြည်သူလူထုက လိုလားတောင့်တလို့၊ မျှော်ကိုးဖိတ်ခေါ်လို့ ကျမတို့က ရွေးကောက်ပွဲဝင်ရမှာတို့၊ ကျမတို့က အာဏာရတဲ့နေရာရောက်ဖို့ ကြိုးစားရပါတယ်လို့ ကျမတို့မပြောဘူး။

ကျမပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါ ဖြောင့်ဖြောင့်မတ်မတ်ပဲ ဆက်ဆံမယ်။ ကျမ အာဏာလိုချင်တယ်၊ ဟုတ်တယ်။ ဘယ်သူက အာဏာမရဘဲ ကိုယ်လုပ်ချင်သလို လုပ်နိုင်မလဲ။ ကျမတို့ ပြည်သူကောင်းစားဖို့ လုပ်ချင်တယ်ဆိုတာလည်း ကိုယ့်ကောင်းကျိုးအတွက်ပဲ၊ ဘာလို့လဲဆိုတော့ ကျမလည်း ပြည်သူထဲကတယောက်ပဲ။ ကျမကောင်းကျိုးလုပ်တာ ပြည်သူ့ကောင်းကျိုးလုပ်တာနဲ့တူတူပဲလို့ မြင်ပါတယ်။ ဒါကြောင့် အာဏာလိုချင်လို့တော့ မဟုတ်ပါဘူး မဲထည့်ပေးပါဆိုရင် ဘယ်တော့မှမယုံနဲ့နော်။”

ဒေါ်အောင်ဆန်းစုကြည် – မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒေသခံတွေနဲ့ တွေ့ဆုံပွဲမိန့်ခွန်း

Leave a Reply

Your email address will not be published. Required fields are marked *