ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားကျောင်းစတက်တဲ့နေ့ အမှတ်တရ
ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ဘဝတုန်းက ဘုန်းကြီးကျောင်းမှာ ကျောင်းသားဘဝနဲ့ စာပေပညာတွေကို သင်ခဲ့ရပါတယ်။သူ အသက် ၁၃ နှစ်အရွယ်အရောက်မှာတော့ ရေနံချောင်းက နေရှင်နယ်အမျိုးသားကျောင်းမှာ တက်ရောက်သင်ကြားခွင့် ရခဲ့ပါတယ်။ရေနံချောင်း နေရှင်နယ်ကျောင်းဆိုတာ ဆရာတွေကလည်း အသင်အပြတော်၊ တပည့်တွေကလည်း ကြိုးစားကြလို့ အဲဒီခေတ်အခါက နေရှင်နယ်ကျောင်းသားဆိုရင် အရပ်ထဲမှာ အတော်ကို ဂုဏ်ရှိခဲ့ကြတဲ့ အချိန်ပါ။
ဗိုလ်ချုပ်ကျောင်းစတက်ရတဲ့အတန်းက အတန်းပိုင်ဆရာကြီး ဉီးဘိုးရင် ရဲ့ အခန်းပဲ ဖြစ်ပါတယ်။ပထမဆုံး ကျောင်းတက်ရတဲ့နေ့မှာ ဆရာကြီး ဉီးဘိုးရင် တစ်ယောက်ချင်း နာမည်ခေါ်ပါတယ်။နာမည်ခေါ်တာနဲ့ ကျောင်းသားတွေကလည်း အသီးသီးထရပ်ပြီး ထူးသလို ဆရာကြီးကလည်း တစ်ယောက်ချင်းရဲ့ နာမည်၊ နေရပ်နဲ့ မိဘတွေကို မေးပါတယ်။ဒီလိုနဲ့ ဗိုလ်ချုပ်လောင်းလျာ မောင်အောင်ဆန်း အလှည့်ကို ရောက်လာပါတော့တယ်။ မောင်အောင်ဆန်း အဲဒီနေ့က ဝတ်လာတာက ကာကီအင်္ကျီလက်ရှည်နဲ့ပါ။
ပိန်ပိန်ပါးပါး ၊ ခေါင်းတုံးဆံတောက်နဲ့ အသားညိုညိုကောင်လေးတစ်ယောက်က နောင်အခါမှာ မြန်မာတစ်ပြည်လုံးကို ကယ်တင်ပေးမယ့် အာဇာနည်သူရဲကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အဲဒီအချိန်တုန်းကတော့ တစ်ယောက်မှ တွေးမိကြမှာ မဟုတ်ပါဘူး။တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က နာမည်ခေါ်ဖို့ နောက်ဆုံးမှာကျန်တာကလည်း မောင်အောင်ဆန်းပဲ ဖြစ်နေပါတယ်။
ဆရာကြီး က နာမည်မခေါ်ပဲ “ကဲ နောက်ဆုံးတစ်ယောက်”
“မင်းကတော့ ကိုအောင်သန်းရဲ့ ညီအရင်းလို့ ပြောတယ်။ ဟုတ်ရဲ့လား”
“ဟုတ်ပါတယ်။ ညီ အငယ်ဆုံးပါ။”
ဗိုလ်ချုပ် အောင်ဆန်း
“အေး။ ဟုတ်ပြီ။ မင်း အသက်”
“၁၃ နှစ်ပါ”
“အဖေနဲ့ အမေ”
“ဉီးဖာနဲ့ ဒေါ်စု”
“ဘယ်ကျောင်းထွက်လဲ”
“နတ်မောက် ဒီပင်္ကရာဉီးသောဘိတ ကျောင်းထွက်ပါ”
အဲဒီအချိန် ကျောင်းသားအားလုံး ပြုံးစိစိ ဖြစ်သွားကြပါတယ်။ မောင်အောင်ဆန်းရဲ့ အဖြေကလည်း တိုတိုတုတ်တုတ်နဲ့ ဘုန်းကြီးကျောင်းထွက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖြေခဲ့ပါတယ်။ဆရာကြီး ဉီးဘိုးရင် က ကျောင်းသားအားလုံးကို တည်ကြည့်တဲ့ အကြည့်နဲ့တချက် ကြည့်လိုက်ပြီး ထပ်မေးခဲ့ပါတယ်။“မင်းအစ်ကို အောင်သန်းတို့ ဒီနေရှင်နယ်ကျောင်းက ဆယ်တန်းအောင်သွားရင် မင်းဘယ်သူနဲ့ နေမလဲ”
“ကျွန်တော်တို့ အစ်ကိုကြီး ကိုဘဝင်း ရှိပါသေးတယ်။ သူက တက္ကသိုလ်ဘွဲ့ရပြီးရင် ဒီကျောင်းမှာလာပြီး ဆရာလုပ်မယ်လို့ ပြောပါတယ်” “အေး။ ဟုတ်တယ်။ ကိုဘဝင်းက မျိုးချစ်စိတ်အရမ်းရှိတဲ့သူလို့ တို့ ကြားဖူးနေတယ်။ သူလာရင် တို့နေရှင်နယ်ကျောင်းကြီး အခုထက်ပိုပြီး နာမည်ကြီး ဉီးတော့မှာပဲ”
“ဒါနဲ့ မင်းနာမည်”
“အောင်ဆန်းပါ”
“မင်းက ထိန်လင်းကနေ ဘယ်လိုလုပ် အောင်ဆန်းဖြစ်လာတာလဲ”
“ကိုအောင်သန်းညီမလို့ အိမ်ကရော၊ အရပ်ထဲကပါ အောင်ဆန်းပဲ ခေါ်ကြတယ်”
“မင်းတို့ အဘိုးက ရွှေလရောင်ဆိုတာရော သိရဲ့လား”
“သိပါတယ်”
ဆရာကြီး ဉီးဘိုးရင် က “မင်းတို့အဘိုးက ရွှေလရောင်ဆိုတာရော သိရဲ့လား” လို့ မေးတဲ့အချိန်မှာ အံကိုကြိတ်ပြီး မေးခဲ့ပါတယ်။ရေနံ့သာဝင်းမောင် – ဗိုလ်ချုပ်အောင်ဆန်း၏ ရေနံချောင်းကျောင်းသားဘဝ ဗိုလ်ချုပ်ရဲ့ အဘိုးဖြစ်သူ နယ်ချဲ့တော်လှန်ရေးသမားကြီး ရွှေလရောင်အကြောင်းကို နောက်လာမယ့် အပိုင်းများမှာ ဆက်လက်ဖော်ပြသွားပါ့မယ်။
ကိုးကား – ရေနံ့သာဝင်းမောင်