ကိုဗစ်တိုက်ဖျက်ရေး ဗျူဟာရဲ့ အားနည်းချက်များနဲ့ ရန်ကုန်လူဦးရေတဝက်လောက် ကူးစက်ပြီး ဖြစ်နိုင်ခြေ

ကိုဗစ်တိုက်ဖျက်ရေး ဗျူဟာရဲ့ အားနည်းချက်များနဲ့ ရန်ကုန်လူဦးရေတဝက်လောက် ကူးစက်ပြီး ဖြစ်နိုင်ခြေ

တည်ဆဲ ဥပဒေအရ အရေးယူမယ်ဆိုလာတော့ မဲဆွယ်တဲ့သူတွေနဲ့ အောင်ပွဲခံတဲ့သူတွေက ရယ်ပြနေတယ်။ ဥပဒေလိုက်နာပြီး ပါဆယ်သီးသန့်ရောင်းနေတဲ့ အခွန်ဆောင်ထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက လမ်းဘေးမှာ ထိုင်စားခွင့်ပေးလို့ စည်ကားနေတဲ့ ဆိုင်တွေကိုကြည့်ပြီး မချိပြုံးလေး ပြုံးနေတယ်

ဥပဒေနဲ့ ကိုင်ချင်ရင် ရန်ကုန်မှာ ဥဒဟိုသွားလာနေတဲ့ ဆိုင်ကယ်လေးတွေကလဲ သူတို့ကို လှည့်ကြည့်ပါအုံးတဲ့။ နောက်ပြီး လမ်းပေါ်မှာ ကားရေမဆေးရဆိုတာမျိုး လူမသိသူမသိ ဥပဒေတွေကလဲ အများကြီး။ စည်ပင်တွေကိုယ်တိုင်ကရော သိရဲ့လား မပြောတတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေး အခြေအနေကို သိလို့ စကတည်းက Containment ဟာ အလုပ်မဖြစ်ဘူးလို့ တွက်ခဲ့တာ။ ဟိုနေ့ကပဲ ဒေါက်တာ ချစ်စိုးရေးထားတာ ဖတ်လိုက်ရတယ်။ မဲလာပေးတဲ့သူတွေကို အယောက် ၄၀၀၀ random စစ်လိုက်တာ ၂၀၀ မှာ ပိုးရှိနေသတဲ့။ ၅% ပေါ့။ အဲ့ဒီ ၅% ဟာ ရောဂါလက္ခဏာ လုံးဝမပေါ်တဲ့ လူကောင်းတွေ။ သိထားသလောက် ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး Community Random Test ပဲ။

ရန်ကုန်တစ်မြို့လုံးသာစစ်လိုက်နိုင်ရင် ၂ သိန်းခွဲလောက်အထိ Positive ထွက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေါက်တာချစ်စိုးက သုံးသပ်ထားတယ်။ ကိုယ့်သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာတောင် ရောဂါလက္ခဏာပြတာတင် အတော်ပွနေပြီဆိုတာ သိထားရတော့ ဖြစ်လဲ တကယ်ဖြစ်နိုင်တယ်။ ရောဂါလက္ခဏာမပြတာက ၇၀% လောက်ရှိတာကိုး။

စဉ်းစားကြည့်ပေါ့ လက်ရှိမှာ ၅% ကူးနေတာရှိရင် နောက်ထပ် ၂ ပတ်အတွင်းမှာ နောက်ထပ် ၅-၂၀% ထပ်ပြီး ဖြန့်နိုင်စွမ်းရှိတယ်။ ပျောက်ပြီးသားလူကလဲ ၅% ထက်နည်းမှာမဟုတ်ဘူး။ ဒေါက်တာချစ်စိုးက ဆက်ပြောထားတာ ဖြစ်နိုင်ချေရှိတာ ရန်ကုန်လူဦးရေရဲ့ ၄၀-၅၀% လောက်ဟာ ပြီးခဲ့တဲ့ ၂လ ၃လအတွင်းမှာ ကူးပြီးသွားလောက်ပြီတဲ့။ ဒါကြောင့် Flatten the curve ဖြစ်သွားတာ ဖြစ်နိုင်ချေရှိတယ်တဲ့။

ဟုတ်လဲဟုတ်တယ်။ အိမ်ထဲက ဘယ်မှ မထွက်တဲ့သူတွေလဲ လွတ်မှ မလွတ်တာကိုး၊ ဖျားနေကြတာပဲ၊ သေနေကြတာပဲ။ Herd Immunity က သီးသန့် ရွေးချယ်စရာမလိုတော့ဘူး။ သဘာဝအရကိုက ရွေးချယ်သွားပြီ။ စကတည်းကလဲ မြန်မာဟာ ဒီလမ်းကို ရောက်မှာပဲဆိုတာ မြင်ထားတာ၊ အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ့်နိုင်ငံ အားနည်းချက် ကိုယ်ပဲသိတယ်။

ဘယ်လောက် အားနည်းသလဲဆို ၂၀ တန် (တစ်ဘူး တစ်ထောင်တန်) Mask တွေ မွှေနေတာတောင် မတားနိုင်လောက်အောင် အားနည်းတယ်။ အဲ့ Mask တွေတပ်ပြီး လူတိုင်း အကူးခံနေကြတာ မြင်မကောင်း။ ဒီတော့ကာ တားမရတဲ့ ရောဂါအတွက်နဲ့ တားလို့ရတဲ့ စီးပွါးရေးကျဆင်းမှု ပညာရေးကျဆင်းမှုကြီးတွေကို ဆက်ပြီး လုပ်နေကြအုံးမှာလားဆိုတဲ့ မေးခွန်းလေး ရှိလာရော။

ဒေါက်တာချစ်စိုးက ဆက်ပြောထားတာ ဒီဇင်ဘာလမှာ နောက်ဆုံး ဟောက်ဆာဂျင်ဆရာဝန်အသစ် တစ်သုတ် ပြီးပြီ၊ နောက်နှစ်မှာ ထပ်ထွက်လာမယ့် ဟောက်ဆာဂျင် အဆက်ပြတ်ပြီ။ အဲ့ဒီ ဘွဲ့ရလာမယ့် ဆရာဝန်တွေထဲ အလုပ်ဝင်မယ့် ဆရာဝန် အနည်းငယ် ဒီနှစ်ရမယ်။ နောက်နှစ်မှာ ဘွဲ့ရမယ့်သူမရှိတော့ အလုပ်ဝင်မယ့် ဆရာဝန်မရှိတော့ဘူး။ ဘယ်လိုလုပ်ကြမလဲတဲ့ ….

အခုကတော့ ပြောပုံတွေအရ ဆက်ပိတ်နေအုံးမယ့်သဘောပဲ။ ကိုဗစ်က ၂၀၂၂ အကုန်လောက်ဆို ကာကွယ်ဆေးတွေ အကုန်ထိုးနိုင်လို့ ပြီးသလောက်ဖြစ်သွားမှာ။ ဒါပေမယ့် လူအကုန်မထိုးနိုင်သေးခင် ကြားထဲမှာ ဟိုလူထိုးပြီး ဒီလူမထိုးရသေးဖြစ်တဲ့အချိန် ဖွင့်မှာလား မဖွင့်ဘူးလား။

သူထိုးပြီး၊ ငါမထိုးရသေး ပြဿနာနဲ့ ထိုးပြီးသူ မထိုးပြီးသူ ဘယ်လိုတွေ ခွဲပြီး လည်ပတ်ကြမယ်၊ ထွက်ခွင့် သွားလာခွင့် ပေးကြမယ် ကြိုပြင်ထားကြရဲ့လား၊ ကြိုကြေငြာထားပြီးပြီလား၊ ကြိုပြီး ခွဲခြားခွင့်ပြုပေးမှာလား။

ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ တစ်နိုင်ငံလုံးထိုးပြီးသွားမယ်ဆိုတာ အာရိုက်တဲ့အဆင့်ပဲရှိတယ်။ တစ်နိုင်ငံလုံးထိုးဖို့ လုံလောက်တဲ့ ဆေးရဖို့က ၂၀၂၂ ထဲမှာမှ ဖြစ်နိုင်မှာ။ အဲ့လို လေကြီးလေကျယ်တွေ ပြောပြီး တာဝန်မယူနိုင်တဲ့ သူတွေကိုရော နေရာဆက်ပေးထားအုံးမှာလား။

ကိုဗစ်ပြီးတဲ့အခါ ကျန်ခဲ့မယ့် Long Term Consequences တွေကို အဲ့ဒီကျမှ လိုက်ဖြေရှင်းမှာလား မပြောတတ်။ အခုက ဘာလုပ်လုပ်ကြည့်လိုက်ရင် ကိုယ်က ကြိုးမဆွဲနိုင်ဘဲနဲ့ ဟိုဖက်က ကြိုးဆွဲတာကို နောက်က ဒရွတ်ဆွဲလိုက်နေရတာချည်းပဲ။ ဖြစ်ပြီဟေ့ဆို ထီခနဲပဲ အရင်ထိ၊ သူတို့က နောက် ၁၀ ရက်လောက်မှ အစည်းအဝေးစထိုင်တာ။ ကြိုတွက်ထား ကြိုပြင်ထားတော့ ဘာဖြစ်မှာမို့လဲ။

အခုလဲ နောက်ဖြစ်လာမှာတွေက မြင်နေရပြီ၊ ခလုတ်တစ်ချက်နဲ့ အားလုံးပြီးသွားအောင် ပြင်ဆင်ထားပြီးပြီ လုပ်နေတုန်း။

ဒေါက်တာကျော်ကျော်ဆိုင်း

Leave a Reply

Your email address will not be published. Required fields are marked *