ရှင်းပြခွင့်တောင်မပေးတဲ့ အမေ့ရဲ့စကားတွေကို သားလေးသိပါစေ

ရှင်းပြခွင့်တောင်မပေးတဲ့ အမေ့ရဲ့စကားတွေကို သားလေးသိပါစေ

ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးမှာကတော့ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး အဆင်မပြေတဲ့ အမေနဲ့ ညီလေး ညီမလေးတို့ကို ရှာဖွေကျွေးရင်း အမေ့အပေါ် နားလည်မှုလွဲနေတဲ့ သားကြီးနဲ့ အမြဲတမ်းခွင့်လွှတ်ပေးတဲ့ အမေရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကို မျက်ရည်ခိုင်မှ ဖတ်ရှု့ကြဖို့ မေတ္တာရပ်ခံပါတယ်။

သားရေ မနေ့ကသားကို အမေက သားလေး ဒီလ ငွေ လှမ်းပို့ပြီးပြီလားလို့ ဖုန်းဆက်မေးလိုက်တော့ သားက ” အမေတို့ကလည်းဗျာ ကျန်နော် ပို့တဲ့အချိန် ရောက်မှာပေါ့ အမေတို့ကလည်း ပြီးခဲ့တဲ့လက ပို့လိုက်တာလည်း ကုန်အောင်သုံးနေတာပဲ ကျနော် နိုင်ငံခြားမှာ အမြဲ အလုပ် အဆင်ပြေနေတယ် မထင်နဲ့ နဲနဲပါးပါးလဲ စုကြပါဦး ချွေတာ သုံးကြဦးဗျာ” ဆိုပြီး


ဒေါသတကြီးနဲ့ ပြောပြီး ဖုန်းချသွားတော့ အမေလေ သားနားလည်အောင် ရှင်းပြချိန် မရလိုက်ပဲ ရင်ထဲမှာ နင့် ပြီး ဖုန်းဆိုင်ကနေ အိမ်ပြန်လမ်းလျှောက် နေတာတောင် စိတ်တွေ မကောင်းခဲ့ဘူး။

လမ်းလျှောက်နေတာတောင် လမ်းနဲ့ ခြေထောက် ထိတယ်လို့ မထင်တော့ပါဘူး သားလေးရယ်။ အမေ့ကြောင့် အမေ့သားလေး စိတ်ဆိုး ဒေါသတွေ ထွက်သွားရတယ် ဆိုပြီး အမေ ရင်ထဲမှာ မကောင်းဘူးကွယ်။

အမေလေ စိတ်ထဲမှာ အရမ်းဝမ်းနည်း ခံစားရပေမယ့် အမေ မငိုဘူး။ အမေလုပ်တဲ့သူ မျက်ရည်ကျရင် သားသမီးမှာ ဝဋ်ဆိုက်တတ်တယ် ဆိုလို့ အမေ မငိုဘူး။ သားအတွက် အမေ့မျက်ရည် မကျစေရပါဘူး သားရယ်။

မနေ့က အမေ မေးတယ် ဆိုတာကလည်း အမေက သားတို့လို ခေတ်ပညာတွေ မသိတော့ ဗဟုသုတ နည်းပြီး အမေ့ဆီ သားလေး ငွေပို့နေကျအချိန် မရောက်ရင် သားလေး လုပ်အားခ

ပိုက်ဆံတွေ အမေ့ဆီ မရောက်ပဲ လမ်းမှာများ ပျောက်ပျက်သွားလေမလား စိတ်ပူလို့ မေးမိတာပါကွယ် အမေ့ဆီမှာ အရင် သားပို့ပေးထားတဲ့ ငွေလေးတွေ ရှိပါသေးတယ် သားလေးရယ် အမေ ငွေလိုချင်လို့ မေးတာ မဟုတ်ရပါဘူး သားလေးဆီက ငွေပို့တယ် မပို့ဘူးဆိုတာ အမေ့အတွက်တော့ အရမ်းကြီး အရေးကြီးမနေပါဘူး သားလေးရယ်

အမေ အရမ်းချစ်ရတဲ့ သားလေးကို အမေ့ရင်ခွင်ထဲက ခွဲထုတ်ပြီး တိုင်းတပါးကို ပို့ထားရ ပြီးပြီပဲလေ။ အမေ့သားလေးကို မဖြစ်သာလို့သာ လွှတ်ထားရပေမယ့် သားလေးနဲ့ ဝေးနေရတဲ့ အချိန်တိုင်း အမေ့ရင်ထဲမှာ နာကျင်ခံစား နေရတာချည်းပါပဲ သားရယ်။

သားလေးဆီက ငွေဆိုတာကလည်း သားညီလေးနဲ့ သားညီမလေးအတွက်ပဲ အမေသုံးစွဲနေခဲ့တာပါ သားလေးရယ်။

သားဆီက ငွေကို အမေ့အတွက်ဆိုပြီးဘမဆင်မခြင် မသုံးစွဲရက်ပါဘူးသားရယ်။ သားတို့ကို လူတလုံး သူတလုံးဖြစ်အောင် မြေတော မြှောက်ပေးဖို့အတွက်က အမေ့တာဝန်ပါ။ တကယ်ဆိုရင် အမေကပဲ သားတို့ကို ရှာဖွေကျွေးမွေးရမှာပါသားရယ်။

အခုအချိန်မှာ သားလေးက လိမ္မာစွာနဲ့ အမေ့ကိုကူပြီး ရှာဖွေကျွေးမွေးနေတာကိုက အမေကျေးဇူးတင်လှပါပြီ သားရယ်။

အမေ မွေးရကျိုးနပ်ပါပြီသားရယ်။ အမေ့အတွက်ကတော့လေ အလှအပတွေလည်း မလိုတော့ဘူး။ အရှက်လုံရုံ ဖျင်ကြမ်း တစ်ထည်နဲ့လည်း အမေနေနိုင်တယ်။ စားစရာ ထမင်းကြမ်းခဲ ငရုတ်သီးမှုန့် ဖြူးပြီးလည်း အမေတင်းတိမ်နိုင်တယ်။ သွားစရာဖိနပ်မလို အမေ့ခြေထောက် ဗလာနဲ့လည်း နေပူထဲ အမေလျှောက်နေတာပါပဲ သားရယ်။

ငါ့သားလေး အမေ့အပေါ်မှာ စိတ်မကွက်ပါနဲ့နော်သား။ သားလေး အလုပ်ထဲမှာ ဘာအဆင်မပြေ ဖြစ်နေသလဲ အမေ မသိရပေမယ့် သားလေးစိတ်ချမ်းသာအောင် နေပါ။ ငွေ မပို့နိုင်သေးရင်လည်း အမေ့ဘက်က ရပါတယ်သားရယ်။ အမေ့မှာ ခြေနှစ်ဖက် လက်နှစ်ဖက် အကောင်းကြီး ရှိပါသေးတယ်ကွယ်။

သားလေး အဆင်မပြေဘူးဆိုရင် ပြန်သာလာခဲ့ပါ။ သားတို့ လူပုံအလယ် ဘဝလှအောင် အမေနှစ်ဆတိုးပြီး ရှိတဲ့ခွန်အားနဲ့ လုပ်ကျွေးမယ်သား။ တိုင်းတပါးက မေမေ့သားလေး အမြဲအဆင်ပြေပါစေလို့လည်း အမေဘုရားမှာ နေ့တိုင်း မမေ့မလျှော့ ဆုတောင်းပေးလျက်ပါနော်။

သားရေ စိတ်မကောင်းလိုက်တာကွယ် အမေ့သားလေး အမေ့အပေါ်မှာ အမြန်စိတ်ဆိုးပြေပါတော့ကွယ်။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကိုဖတ်ပြီး အမေ့အပေါ်မှာ စိတ်ဆိုးစိတ်ကောက် မလုပ်ကြနဲ့တော့နော်။ စိတ်ထဲမှာလည်း ရသတစ်ခုခု ကျန်ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ ညချမ်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *